ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ၊
နမန္တာကျမ်းကိုယုံသူတွေ များပါတယ်။
တစ်နှစ် တစ်ခေါက်ထုတ်တဲ့ သင်္ကြန်စာမှာ
ဗြဟ္မာမင်းကြီးက ဦးခေါင်းပြတ်ကြီးကို
နတ်သမီးများတစ်ယောက်လက်က
တစ်ယောက်ကမ်းနေတာမြင်တယ်မဟုတ်လား။မြတ်စွာဘုရားက နတ်ဗြဟ္မာတို့၏ ခန္ဓာကိုယ်သည်ကမ္မဇရုပ်တွေချည်းမို့ သေလျှင် မီးတောက်သဖွယ်
ပျောက်ကွယ်တတ်တာလို့ ဟောတယ်။
ဗေဒင်က ယခုထိ ခေါင်းပြတ်ကြီးဟာ မပုပ်သေးဘူး။
မြန်မာပြည်က ယုံကြည် လက်ခံနေသမျှ
ပုပ်မှာမဟုတ်ဘူးကွယ့်။
ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို
ပဓာနထားသကွယ့်။ မြတ်စွာဘုရားက
ကုသိုလ်၊ အကုသိုလ်ကို ပဓာနထားသကွယ့်။
ဗေဒင်က မဟာဘုတ်ကို အဓိကထား၍ထူသကွယ့်။
မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို
အဓိကထား၍ ထူသကွယ့်။
ကဲ.... မဆန့်ကျင်ဘူးလား။
မြတ်စွာဘုရားနှင့် ဆန့်ကျင်တာကိုယုံလျှင်
ဘုရား၊ တရားကို မယုံရာကျတာပေါ့။
မြတ်စွာဘုရားဟောတာ
`သဗ္ဗေကမ္မသကာသတ္တာ၊ ကမ္မံသတ္တေ ဝိဘဇ္ဇတိ´တဲ့။
ကဲ.... ဘယ်မှာလဲကွယ်။
နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်း မပါ။
မသာကိုစုန်ချရင် တစ်လောင်းနဲ့
ကိစ္စ မပြီးတတ်ဘူးလို့လည်း မပါ။
အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင်
ပျက်စီးတတ်တယ်လို့လည်း မပါ။
မင်္ဂလာဆောင်တာ ရက်မရွေးမိလို့
ပျက်စီးတယ်လို့လည်း မပါ။
ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာကျလို့
ပျက်စီးတာလည်း မပါ။
တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ ဆိုတာဟာ
ပညတ်သင်္ကေတတွေပဲ။
လူကို ကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး။
အကုသိုလ်ကံကသာ မကောင်းအောင် လုပ်နိုင်တယ်။
ဒီတော့ အကုသိုလ်ဆိုရင် မြွေဆိုးကင်းဆိုးကဲ့သို့
ကြောက်လန့်ပြီး ကုသိုလ်ကံကို
ဣစ္ဆာသယပတ္တမြားကဲ့သို့ သဘောထားကာအားကိုးကြမှ
ဓမ္မံ သရဏံ ဂစ္ဆာမိမှာ မဟုတ်လား´´
-နမ္မားဆရာတော်ကြီး အရှင်ဉာဏ
Credit to:လှိုင်တိုး
Posted by Lin Htet Win

No comments:
Post a Comment