ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Sunday, July 6, 2014

ဝန်နှစ်ယောက်

Photo: ၀န်နှစ်ယောက်

တစ်ခါတော့ ၀န်မင်းတစ်ယောက်ဟာ တိုင်းခန်းလှည့်လည်တယ်။ ဆင်စီးပြီးတော့ ပေါ့။ အဲဒီအချိန်မှာပဲ နောက်ထပ်ဝန်မင်းတစ်ယောက်က တိုင်းခန်းလှည့်လာပြန်တယ်။ ဆင်စီးပြီးတော့ပဲ။ သူတို့နှစ်ယောက်ဟာ အမှတ်မထင် လမ်းကျဉ်းလေးတစ်ခုမှာ ဆင်နှစ်ကောင် မျက်နှာချင်းဆိုင်ပြီးတော့ တွေ့ကြသတဲ့။ လမ်းလေးကလဲ ကျဉ်းတာမို့ ဆင်နှစ်ကောင် ယှဉ်မသွားနိုင်ဘူးလေ။

ဝန်မင်းတစ်ယောက်က ရှေ့မှာ ဆင်တစ်စီးနဲ့တွေ့တဲ့အခါ ဆင်ထိန်းက လှည့်မေးတယ်။ " ၀န်မင်း အရှေ့မှာ ဆင်တစ်စီးရှိတယ် တစ်ခြားဝန်မင်းတစ်ယောက်ရဲ့ ဆင်ပါ ကျွန်တော်မျိုး ဆင်ကို လှည့်လိုက်ရမလား " လို့မေးတော့ ၀န်မင်းက " မလှည့်နဲ့ သူရှောင်သွားလိမ့်မယ် " လို့ပြန်ပြောတယ်။

ဟိုဖက်က ၀န်မင်းကလဲ နောက်ဝန်မင်းစီးလာတဲ့ ဆင်ကိုတွေ့တာနဲ့ ဆင်ထိန်းကို ဆင်ကိုမလှည့်ဖို့ပြောတယ်။ ဒီလိုနဲ့ ၀န်မင်းနှစ်ယောက် ဆင်မလှည့်ပဲ ဇွတ်တိုးကြတာ နောက်ဆုံးတော့ ဆင်နှစ်ကောင် အစွယ်ချင်းထိတဲ့ အချိန်ထိဖြစ်ရော။ ဆင်ထိန်းတွေလဲ ဘာမှမပြောနိုင်ဘူး ဆင်နှစ်ကောင် ထိပ်တိုက်တွေ့နေသတဲ့။ ၀န်မင်းတွေကလဲ ဘာမှမသိသလိုနဲ့ နေကြတယ်။ အချိန်အတော်ကြာတော့ ၀န်မင်းတွေက စိတ်တိုလာတယ်။ အဲဒါနဲ့ ဆင်ထိန်းကို အော်ငေါက်ကြတော့တယ်။ အော်သာအော်ရတာ ဆင်တွေက ဘယ်လိုသွားရမှန်း နည်းလမ်းမရှိဘူး။ 

နောက်တော့ ၀န်မင်းတွေ တစ်ယောက်နဲ့ တစ်ယောက် ချိတ်စောင်းပြီး ပြောကြတယ်။ ရန်ဖြစ်ကြတယ်ပေါ့။ အဲဒီလို ရန်ဖြစ်သံကိုကြားလဲကြားရော လမ်းဘေးက အိမ်နှစ်အိမ်က လူနှစ်ယောက်ထွက်လာကြသတဲ့။ လမ်းက ကျဉ်းတယ် ဒါပေမယ့် ဘေးမှာတော့ အိမ်တွေရှိတာပေါ့။

ဖြစ်ချင်တော့ အဲဒီအိမ်တစ်အိမ်ကလူက ဒီဘက်က၀န်မင်းရဲ့ နောက်လိုက်ဖြစ်နေပြီး ဟိုဖက်အိမ်ကလူက ဟိုဖက်ဝန်မင်းရဲ့ ငယ်ကျွန်ဖြစ်နေတယ်။ အဲလိုနဲ့ အိမ်ထဲက လူတွေကပါ ထွက်လာပြီး ငါတို့ဝန်မင်းသွားသင့်တာ မင်းတို့ဝန်မင်း နောက်ဆုတ်ရမှာ ဆိုပြီးတော့ အငြင်းအခုန်တွေ ဖြစ်ကြတယ်။ 

အချိန်တွေ တော်တော်ကြာသွားတော့ ၀န်မင်းတွေလဲ စိတ်မရှည်တော့ဘူး။ အဲဒါနဲ့ ၀န်မင်းနှစ်ယောက်က တိုင်ပင်ကြတယ်။ ရှည့်လဲလျှောက်သာ ပျားလဲစွဲသာ နှစ်ယောက်လုံး တစ်ယောက်မ နောက်မဆုတ်ရတဲ့ နည်းလမ်းကိုပေါ့။ အဲလိုနဲ့ ဆင်နှစ်ကောင်ဟာ ကိုယ့်ဝန်မင်းဘက်တော်သားရဲ့ အိမ်တွေရဲ့ ခြံစည်းရိုးတွေကို နင်းချေပြီးတော့ တစ်ကောင်နဲ့ တစ်ကောင် ဘေးချင်းကပ်ရှောင်လွှဲလိုက်ကြပြီး ထွက်ခွာသွားကြပါတော့တယ်။

ဟိုအိမ်နှစ်အိမ်ကလူလဲ ကိုယ့်ဝန်မင်း သူ့ဝန်မင်းဆိုပြီးတော့ အငြင်းမပွားကြတော့ပါဘူး။ သူတို့နှစ်ယောက်လုံးရဲ့ ခြံစည်းရိုးတွေ ပျက်စီးသွားလို့ပေါ့

မောင်စိုင်း
www.kanauag.net

No comments: