အကြောင်းရင်း မသိရဘဲ ထူးဆန်းစွာ
ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်ပြီး သတင်းပေးနိုင်သူများကို
ဆုငွေဒေါ်လာ (၅)သန်းအထိ ချီးမြှင့်နိုင်ရန် လေယာဉ်ပေါ် ပါသွားသူတို့၏
ကျန်ရစ်သူ မိသားစုများက ကြိုးပမ်းနေကြောင်း သိရှိရသည်။
မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည်
လွန်ခဲ့သော (၃)လကျော်က လူပေါင်း(၂၃၉)ဦးကို တင်ဆောင်ပျံသန်းရင်း
အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ယခုအခါ လေယာဉ်ပေါ် ပါသွားသူများ၏ မိသားစုဝင် အချို့တို့က Reward
MH370
ဆိုသော လှုပ်ရှားမှု အစီအစဉ်ကို ရန်ပုံငွေ မြှင့်တင်ထူထောင်ရေး ဝက်ဘ်ဆိုက်
Indiegogoနှင့် ပူးပေါင်း အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
အဆိုပါ အစီအစဉ်အရ လေယာဉ်၏ ပဟေဠိဆန်ဆန်
ကံကြမ္မာနှင့် ပတ်သက်၍ ဖြေရှင်းနိုင်အောင် ကူညီပေးသူများကို ဒေါ်လာ (၅)သန်းထိ
ဆုငွေချီးမြှင့်မည်ဖြစ်သည်။
“ဒီကမ်းလှမ်းမှုဟာ လေယာဉ်နဲ့ ပတ်သက်ပြီး
ရထားသမျှ သတင်းအချက်အလက်တွေကို ထုတ်ပြောလာကြစေဖို့ နှိုးဆော်တိုက်တွန်းမှု
တစ်ခုလည်း ဖြစ်နိုင်ပါတယ်”ဟု လေယာဉ်ပေါ် ပါသွားသူ တစ်ဦး၏ မိသားစုဝင်
တစ်ဦးက ပြောသည်။
Boeing
777
အမျိုးအစား လေယာဉ်ကြီးသည် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းအရပ်တွင်
ပျက်ကျသွားသည်ဟု ယူဆရသော်လည်း ခိုင်မာတိကျသော အထောက်အထားမျိုး
မပြသနိုင်သလို ကာလရှည်ကြာ ဖြန့်ကျက်ရှာဖွေမှုများ အတွင်းတွင်လည်း လေယာဉ်
အပျက်အစီးများကို မတွေ့ရှိခဲ့ချေ။
“ကျွန်တော်တို့ကတော့ တစ်နေရာရာက
တစ်ယောက်ယောက်ဟာ တစ်ခုခုကို သိထားမယ်လို့ ယုံကြည်နေတုန်းပါပဲ။ ခုလို
ဆုငွေပမာဏမျိုးဟာ အဲဒီလို တစ်ခုခု သိထားတဲ့ အမျိုးသားဖြစ်စေ၊
အမျိုးသမီးဖြစ်စေ ရှေ့ထွက်လာပြီး သူသိထားတဲ့ သတင်းအချက်အလက်ကို
ထုတ်ပြောစေမယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ဆုငွေ စုဆောင်းနေသည့်
ပရောဂျက်ကို ဦးဆောင်သော အီသန်ဟန့်က ပြောကြားခဲ့သည်။
MH370 လေယာဉ်သည် မတ် (၈) ရက်က မလေးရှားမှ
တရုတ်သို့ ဦးတည်ပျံသန်းရင်း ပျောက်ဆုံးသွားခြင်း ဖြစ်သော်လည်း ဂြိုဟ်တု
ထောက်လှမ်းမှု အချက်အလက်များနှင့် အခြားသော သဲလွန်စများကို အခြေခံကာ
လေယာဉ်အနေဖြင့် အိန္ဒိယ သမုဒ္ဒရာဘက် ဦးလှည့်ပျံသန်းပြီး ပျက်ကျသွားခြင်းဟု
ကျွမ်းကျင်သူများက ယူဆလျှက်ရှိသည်။
_Ref: Guardian
http://7daydaily.com/story/12878#.U5apwuN_u5c

No comments:
Post a Comment