Thursday, June 12, 2014
အွန်လိုင်းမှတစ်ဆင့် ကိုယ်ပိုင်ဈေးလိုင်စင်အသစ် လျှောက်ထားနိုင်
အွန်လိုင်းမှတစ်ဆင့် ကိုယ်ပိုင်ဈေးလိုင်စင်အသစ် လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
လျှောက်ထားရာတွင် လုပ်ငန်းရှင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့မိတ္တူ၊ ကိုယ်ပိုင်ဈေးအမည် စသည့်အထောက်အထားများအား ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ကိုယ်ပိုင်ဈေးအကျယ်အဝန်း၊ အထပ်အရေအတွက်၊ ကိုယ်ပိုင်ဈေးရင်းနှီးမြှုပ်နှံမှုပမာဏ၊ လုပ်ငန်းရှင်၏ လိုင်စင်ဓာတ်ပုံသုံးပုံတို့လည်း လိုအပ်မည်ဖြစ်သည်။ အွန်လိုင်းမှလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အနီးဆုံးပတ်ဝန်းကျင် ဆယ်ဦးထောက်ခံချက်၊ မြို့နယ် (မီးသတ်၊ လျှပ်စစ်၊ စည်ပင်၊ ကျန်းမာရေး) ထောက်ခံချက်၊ လုပ်ငန်းတည်နေရာ (လိပ်စာ) နှင့် ပိုင်ဆိုင်မှုအထောက်အထားတို့လည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
အခြားအထောက်အထားများ လိုအပ်ပါက ထပ်မံတင်ပြရမည်ဖြစ်ကြောင်း သိရသည်။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ကြောင်း၊ ယင်းသို့ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများလိုအပ်ပါက တစ်ပြိုင်တည်းတောင်းခံမည်ဖြစ်ကြောင်း သိရသည်။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက နှစ်ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ www.ycdc.com.mm ဝက်ဘ်ဆိုက်လိပ်စာမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း
Internet Journal
Subscribe to:
Post Comments (Atom)

No comments:
Post a Comment