ရေမွှေးပုလင်းနှင့်တူသော ယောက်ျားများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူမတွင်
တစ်ယောက်အကြောင်း တစ်ယောက် အစင်းသိ အတွင်းသိနှင့် သိပ်ကိုခင်မင်ရသော
သူငယ်ချင်း ၅ယောက်ရှိပါသည်။ သူမနှင့်ဆို စုစုပေါင်း ၆ယောက်ရှိသော အဖွဲ့သည်
အလယ်တန်းလောက် ကတည်းက တွဲခဲ့ကြသော သူငယ်ချင်းတွေလဲ ဖြစ်ကြပါသည်..
တက္ကသိုလ်တက်ချိန်တွင် မေဂျာမတူကြသော်လည်း အပြင်သင်တန်းများ ဖြစ်သော
ကွန်ပျူတာ၊ အင်္ဂလိပ်စာ ၊ အတွင်းရေးမှူး စသည့် သင်တန်းများကို အတူတူ
တက်ကြပြီး အခင်မင်မပျက် ဆက်လက် အတွဲညီခဲ့ကြသူများ ဖြစ်ကြသည်.. တစ်ယောက်က
သင်တန်းတစ်ခု တက်မည်ဟုဆိုလိုက်လျှင် ကျန်သောသူတွေက လိုက်တက်ပြီးသား၊
တစ်ယောက်က ရှိုးပွဲကြည့်မည်ဆိုလျှင် ကျန်သည့်သူတွေက လက်မှတ်ဝယ်ဖို့
စီစဉ်ပြီးသား ဖြစ်တဲ့အထိ တစ်ယောက်နှင့်တစ်ယောက် အကြိုက်တူစွာ နေရာတကာတွင်
မျက်စိနောက်လောက်အောင် တွဲခဲ့ကြသူများ ဖြစ်ကြသည်။
ခုချိန်တွင်တော့
သူမတို့သူငယ်ချင်းတွေသည် တစ်ယောက်တစ်နယ်စီ၊ ၂ယောက်က နိုင်ငံရပ်ခြားမှာ၊
၃ယောက်က ရန်ကုန်မြို့ပေါ်မှာ၊ တစ်ယောက်က နယ်မှာ တစ်ယောက်တစ်ကွဲစီ
ဖြစ်ကုန်ကြပါပြီ. သို့သော် သူငယ်ချင်းတွေ အကြောင်း
ပြန်စဉ်းစားလိုက်တိုင်း သူမတို့ တွဲခဲ့ကြသော အချိန်တွေကို
ပြန်လည်သတိရမိသလို မှတ်မှတ်ရရ အဖြစ်အပျက်ကလေးများကိုလည်း မမေ့နိုင်အောင်
တသသ ရှိနေတတ်ခဲ့ပါသည်။ ထိုစဉ်က သူမတို့ သူငယ်ချင်းတစ်စုနှင့်
ပတ်သက်ဆက်နွယ်လာသော ယောက်ျားများကို မိန်းခလေးများအပေါ်ထားသော သူတို့
သဘောထား၊ သူတို့စရိုက်၊ သူတို့အချစ်နှင့် ကိုက်ညီသည့် အမည်များကို
ရေမွှေးတံဆိပ် များစွာထဲက ရွေးချယ်ကာ နံမည် ပေးခဲ့ဖူးသည်ကို မမေ့နိုင်စရာ
အမှတ်တရအဖြစ် သူမဦးနှောက်တွင် အမြဲတမ်း ရှိနေတတ်ခဲ့သည်။
နွယ်သာကီက
ရုပ်ကလေးလဲချော သူ့ကိုယ်သူလဲ စမတ်ကျကျ ပြင်တတ်ဆင်တတ်သူဖြစ်ရာ
တက္ကသိုလ်မှာကတည်းက သူ့ကိုသဘောကျသူတွေ တစ်ပုံတစ်ပင်၊ ကြိုက်သူတွေ
ဝိုင်းဝိုင်းလည်နေတာကြောင့်လဲ စောစောစီးစီး အတွဲရပြီး
အိမ်ထောင်ကျသွားသူဖြစ်သည်။ သာကီရဲ့ချစ်သူသည် သူမထက် အသက် ၇နှစ်ကြီးပြီး
လုပ်ငန်းခွင်ထဲသို့ ရောက်နှင့်နေသူတစ်ဦး ဖြစ်သည်။ သာကီ့ကို အလွန်အမင်း
ချစ်ခင်သော်လည်း သ၀န်တိုလွန်းသူ၊ ယောက်ျားလေးများနှင့် သူငယ်ချင်း
အပေါင်းအသင်းအဖြစ် ခင်ခင်မင်မင် ဆက်ဆံဖို့မပြောနှင့် စကားတစ်ခွန်းလောက်
ပြောမိရုံပင် စိတ်တိုတတ်သူ ဖြစ်သည်။ ထိုသူနှင့် မချစ်ကြိုက်ခင်က အလှအပ
ကြိုက်လွန်းပြီး ခေတ်ဆန်လွန်းသူသာကီမှာ ရည်းစားရပြီးကာမှ ယခင်ကလို အလှအပကို
ပြင်ဆင်ခွင့်ပင် မရရှာတော့ဘဲ အ၀တ်အစားကိုလည်း ရိုးရိုး ယဉ်ယဉ်လေးသာ
ဝတ်ဆင်ရမည် ဟူသောအမိန့်ကြောင့် ရိုးရိုးလေးသာ ၀တ်ဆင်ခွင့်ရတော့လေသည်။
အိမ်ထောင်ကျပြီးနောက်လည်း သူမတို့ သွားလာနေကျ ရုပ်ရှင်၊ ရှော့ပင်ထွက်ခြင်း ၊
တစ်ယောက်အိမ်တွင် တစ်ယောက်စုကာ အစားအသောက် အသစ်အဆန်းများ ချက်ပြုတ်ကာ
စားသောက်ခြင်း စသည်များကိုလည်း “အိမ်ထောင်သည်ဖြစ်ပြီ အပျော်အပါးတွေ
မလုပ်သင့်တော့ ” ဟူသော အကြောင်းပြချက်ဖြင့် သွားလာခွင့်မပေးတော့ဘဲ သူမတို့
၆ယောက်ရဲ့ စည်းလုံးညီညွှတ်မှု၊ ရင်းနှီးချစ်ခင်မှု အ၀န်းအ၀ိုင်းထဲမှ အရင်ဆုံး
ဖဲ့ထုတ်ခံလိုက်ရသူလေး ဖြစ်သွားရှာသည်။ နွယ်သာကီထံ ဖုန်းလာလျှင်ပင်
ယောက်ျားအသံဖြစ်ပါက စစ်ဆေးမေးမြန်းမဆုံး ဖြစ်ကာ သင်္ကာမကင်း ဖြစ်လွန်းလှသည့်
သ၀န်တိုလွန်းအားကြီးသော နွယ်သာကီရဲ့ ချစ်သူကို အားလုံး၏ သဘောတူညီချက်ဖြင့် Jealous ဟူသော ရေမွှေးနံမည်ကို ပေးလိုက်ကြပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိုးစက်လေးလို တည်ငြိမ်အေးဆေးပြီး ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသူက မိုးပွင့်ဖြူ..
မိုးပွင့်ဖြူက
နံမည်နဲ့လိုက်အောင် စိတ်ထားလဲဖြူစင်ပြီး သူငယ်ချင်းတွေအတွက်ဆို
အလွန်အနစ်နာခံတတ်ကာ သူမတို့ သူငယ်ချင်းတစ်စု ပြောသမျှ၊ တိုင်ပင်သမျှ ၊
လုပ်ချင်သမျှကို ဘာမှ မငြင်းပယ်စတမ်း ခေါင်းတညိမ့်ညိမ့် နားထောင်တတ်သူ
လိုက်လုပ်တတ်သူ ဖြစ်သည်။ တက္ကသိုလ်တက်စဉ် မိုးပွင့်ဖြူနှင့်
ချစ်သူဖြစ်ခဲ့သော ကောင်လေးက မိုးပွင့်ထက် အသက်ငယ်ကာ ရုပ်ချော
အပြောကောင်းပြီး မော်ဒယ်ဘွိုင်းဖြစ်ရန် ကြိုးစားနေသူတစ်ယောက် ဖြစ်သည်။
ထိုကောင်လေးက သူမတို့တစ်ဖွဲ့လုံးကို တကယ့်ကို အောက်ကျို့ကာ မိုးပွင့်ဖြူရဲ့
အချစ်ကို မရအရ ယူခဲ့သူ ဖြစ်သည်။ သူမတို့အဖွဲ့ ဘယ်လိုခိုင်းခိုင်း၊
ဘယ်လိုပင် နှိပ်စက်သော်လည်း မနာတတ်ဘဲ မိုးပွင့်ဖြူကို သည်းကြီးမည်းကြီး
ချစ်ခင်ဟန်ပြခဲ့သူ။ သို့သော် မိုးပွင့်ဖြူက ထိုကောင်လေးအချစ်ကို လက်ခံပြီး
အတော်ကြာမှ သိလိုက်ရသည်က ထိုကောင်လေးထံတွင် ရည်းစားများစွာရှိပြီး ထို
ရည်းစားများထံမှ ချူချတတ်သူ ဟူ၍ပင်.. ထိုကောင်လေးအကြောင်း သိသိရချင်း
မိုးပွင့်ဖြူကို သူငယ်ချင်းများက ၀ိုင်းတားသော်လည်း သူမတို့ ပြောစကားကို
ဘယ်လိုမှ မယုံကြည်ခဲ့… နောက်ဆုံးမှာ အခြား မိန်းခလေးတစ်ယောက်နှင့်
တွဲရက်သား သူမကိုယ်တိုင် အခါခါ တွေ့ရတော့ ကောင်လေးက ဖုံးကွယ်ထား၍
မရနိုင်သောကြောင့် ဟုတ်မှန်ကြောင်း ၀န်ခံလိုက်ရတော့မှသာ ထိုကောင်လေး
မျက်နှာများသည်ကို ယုံကြည်သွားခဲ့ပြီး မိုးပွင့်ဖြူမှာ အသည်းကွဲဝေဒနာကို
ရက်ရှည်လများ အိပ်ရာထဲ လဲလောက်သည်အထိ ခံစားလေတော့သည်။ မတည်ငြိမ်သော၊
အပြောချိုချို၊ ရုပ်ချောချောလေးဖြင့် မိန်းခလေးတွေကို အောက်ကျို့ခံကာ
သူ့ကို စွဲလန်းချစ်ခင်လာအောင် လုပ်ပြီး သူလိုချင်တာ ရအောင် ယူတတ်သော
ထိုကောင်လေးအား လူတွေကို တစ်ဖြေးဖြေး ဒုက္ခရောက်အောင် လုပ်နိုင်သည့်သူ
ဟူသောသဘောဖြင့် Opium ဟု ရေမွှေးနံမည် ပေးခဲ့ကြသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူမတို့အဖွဲ့တွင် နေရာတကာ ဆရာမကြီးလုပ်တတ်သူ တစ်ယောက်က ညိုလဲ့ရီ..
ညိုလဲ့ရီက
ဆရာမကြီး လုပ်တတ်သလို ဗဟုသုတလည်း အတော်စုံသည်.. စာဖတ်များသူဖြစ်ပြီး
သူမသိတာ သိပ်မရှိအောင် လေ့လာနိုင်စွမ်းအားလည်း ကောင်းသူ ဖြစ်သည်။
ရုပ်ရည်အားဖြင့် ချောမောလွန်းသူ မဟုတ်သော်လည်း ထက်ထက်မြက်မြက်နှင့်
တည်တည်ကြည်ကြည် မိန်းခလေးတစ်ယောက်ရဲ့ ဟန်ပန်အပြည့်နှင့် သူမကို
စိတ်ဝင်စားကြသူ ရှိသော်လည်း ခပ်စွာစွာမို့ တော်ရုံလူက အနားမကပ်ဝံ့ကြ။
သို့သော် တက္ကသိုလ်မှာ ဆရာမပြန်လုပ်သော ညိုလဲ့ရီသည် သူမနှင့် ဌာနတူ
ဆရာတစ်ယောက်နှင့် ချစ်သူဖြစ်သွားကြလေသည်။ သူမ၏ချစ်သူ ထိုဆရာသည်
ရုပ်အချောကြီး မဟုတ်သော်လည်း အလွန်အေးဆေးတည်ငြိမ်ပြီး စာအသင်အပြ
ကောင်းလွန်းသော်လည်း မလိုအပ်ဘဲ အပိုစကားပြောလေ့ မရှိသော စကားအလွန်နည်းသူ
တစ်ယောက် ဖြစ်သည်။ ညိုလဲ့ရီကို အလွန်မြတ်နိုးသည်ဟု ပြောနိုင်သော်လည်း
သူ့အချစ်ကို တော်ရုံနှင့် ထုတ်ဖော်ပြောတတ်သူတစ်ယောက် မဟုတ်.. ရင်ထဲတွင်သာ
သိုဝှက် သိမ်းဆည်းတတ်သူမျိုးသာ။ တက္ကသိုလ် စရောက်ကတည်းက ညိုလဲ့ရီကို
ချစ်ခဲ့သော်လည်း ၈နှစ်လောက် ကြာမှ ဖွင့်ပြောသူ၊ ဒီလောက်နှစ်ကြာအောင်
ချစ်နေခဲ့သော်လည်း မည်သူမျှ မရိပ်မိအောင် သိမ်းဆည်းထားနိုင်သူမို့
သြချရလောက်ပါသည်။ အလွန်ဆရာလုပ်တတ်သော ညိုလဲ့ရီနှင့် အလွန်အေးသော
ထိုဆရာတို့မှာ မည်သို့မည်ပုံ ချစ်သူများ ဖြစ်သွားကြသည်ဟူ၍ပင် ခန့်မှန်းဖို့
ခက်ခဲလေသည်။ သူမတို့တွေက ညိုလဲ့ရီအား သူမချစ်သူ တကယ်ချစ်မချစ်ကို
ဘယ်လိုများ ခွဲခြားပါသလဲဟု မေးလျှင်တော့ ထိုဆရာသည် ညိုလဲ့ရီကို
ချစ်သည့်အကြောင်း ပါးစပ်က ထုတ်ဖော်မပြောတတ်ပေမဲ့ သူ့မျက်ဝန်းတွင် သူမကို
ချစ်ခင်သည့် အရိပ်အယောင်များကို သူမ(ညိုလဲ့ရီ)က ရှာဖွေ တွေ့မြင်တတ်ပါသည်..
နှလုံးသားချင်း ခံစားနားလည်နိုင်ပါသည်တဲ့…. သူမတို့အဖွဲ့က ညိုလဲ့ရီချစ်သူ
ထိုဆရာကို နံမည်ပေးမည်ဆိုသောအခါ စကားနည်းပြီး သိုဝှက်တတ်သူ တစ်ယောက်၊
သူ့အချစ်ကို လူမသိစေဘဲ ဖုံးကွယ်တတ်သောသူ ဖြစ်သောကြောင့် Secret ဟူသော ရေမွှေးနံမည်ကို ပေးခဲ့ကြလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စင်သီယာပြည့်စုံ ဆိုသည်က သူမတို့အဖွဲ့တွင် ဘိုဆန်ဆန် လှပချောမောသူ…
ရည်းစားလဲ
အလွန်များပြီး ယောက်ျားတွေကို အလေးအနက် မထားတတ်သော အသည်းနှလုံး
ကင်းမဲ့သူဟု နံမည်ကြီးသည်။ သူမ အဖေရော အမေပါ နိုင်ငံခြားတွင် နေထိုင်ကြပြီး
သူမက အဒေါ်တွေနဲ့ ကျန်ရစ်ခဲ့သူ.. သို့သော်လည်း ထိုစဉ်ကတည်းက
တစ်ချိန်ချိန်တွင် သူမ မိဘတွေရှိရာ နိုင်ငံရပ်ခြားကို လိုက်သွားဖို့
ရည်ရွယ်ချက်ရှိသူမို့ ယောက်ျားလေးများအပေါ် သံယောဇဉ်မထားဘဲ အပျော်သာ တွဲဖို့
စိတ်ကူးရှိသည်ဟု သူမကိုယ်တိုင်က ပြောတတ်ခဲ့သူ ဖြစ်သည်။ သူမနှင့်
ကျော်ဇေယျတို့ တွေ့ဆုံကြပုံက လက်ရည်တူမို့ စိတ်ဝင်စားဖို့ကောင်းသည်။
ကျော်ဇေယျ ဆိုသည်ကလည်း အတော်ထင်ရှား နံမည်ကြီးသော ဂရိတ်အသိုင်းအ၀ိုင်းမှ
ဖြစ်ပြီး မိန်းခလေးများကို ထည်လဲတွဲတတ်သူ။ မိဘကလည်း ကျိကျိတက် ချမ်းသာသလို
သူကိုယ်တိုင်က ရုပ်ရည်အားဖြင့်လည်း ကြည့်ကောင်းသူ ဖြစ်တာကြောင့် မဆွတ်ခင်က
ညွှတ်ချင်နေသော မိန်းခလေးပေါင်းများစွာက သူ့ရဲ့ နံဘေးမှာ အဆင်သင့်
ရှိနေတတ်သူဖြစ်လေသည်။ ယောက်ျားလေးများကို အလေးအနက် မထားတတ်သော စင်သီယာနှင့်
မိန်းခလေးများကို ကစားစရာအရုပ်လို ထည်လဲတွဲတတ်သော ကျော်ဇေယျတို့သည်
တစ်ယောက်အကြောင်း တစ်ယောက် သိသိကြီးနှင့်ပင် သူငယ်ချင်းတွေ
တားမြစ်သည့်ကြားမှ တွဲမိကြလေသည်။
မိန်းခလေးများကို
လှည့်စားခြင်း အတတ်ပညာတွင် ညက်ညောကျွမ်းကျင်လှသော ကျော်ဇေယျအကြောင်းကို
သိနေကြသော သူမတို့ သူငယ်ချင်းတစ်စု၏ တားမြစ်စကားကို မနာယူဘဲ သူ့ကိုယ်သူ
ယုံကြည်ချက်ပြင်းထန်လှသော စင်သီယာသည် မိန်းခလေးများအား အသည်းခွဲတတ်သူဟု
နံမည်ကြီးသော ကျော်ဇေယျကို ပညာပေးရန် ဟူသော အကြောင်းပြချက်ဖြင့် ကျော်ဇေယျ၏
မရိုးသားသော ချဉ်းကပ်လာမှုကို မသိဟန်ဆောင်ကာ လက်ခံခဲ့လေသည်။ ကျော်ဇေယျကလည်း
ယောက်ျားတွေကို အလေးမထားသူဟူ၍ နံမည်ကြီးသော စင်သီယာကို တမင်
ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခဲ့သူဖြစ်သည်။ သူတို့၂ယောက် တွဲပြီး
လအနည်းငယ်အကြာတွင် ပြောင်းလဲသူက စင်သီယာ။ စင်သီယာက ကျော်ဇေယျကို အလေးအနက်
ချစ်စိတ်ဝင်မိပြီ ဖြစ်လေတော့ သူမတို့အားလုံးက ဇာတ်လမ်းကို ဒီမှာတင်
ရပ်ဖို့၊ ဒီထက်ဆက်ပြီး တွဲမိလျှင် စင်သီယာ ပိုပြီးခံစားရလိမ့်မည်ဟု ပြောကာ
တားမြစ်ကြပြန်သောအခါ စင်သီယာက သူမကို ကျော်ဇေယျ တကယ်ချစ်လာအောင်
ကြိုးစားမည်ဟုဆိုကာ ဆက်တွဲမြဲ တွဲခဲ့သည်။ နောက်ထပ် မကြာခင်အချိန်တွင်တော့
စင်သီယာက ကျော်ဇေယျကို စွဲစွဲလန်းလန်း ဖြစ်သည့်အခါတွင် ကျော်ဇေယျက
နောက်ကောင်မလေး အသစ်တစ်ယောက်တွဲကာ စင်သီယာကို ခေါက်သွားလေသည်။ သူမဘ၀တွင်
မည်သည့်ယောက်ျားလေးကိုမှ အလေးအနက်မထားခဲ့ဘဲ တစ်ကြိမ်တစ်ခါမှ မချစ်ဖူးသော
အချစ်မျိုးနှင့် ကျော်ဇေယျကို ချစ်မိသော စင်သီယာသည် အလဲအကွဲ အလူးအလိမ့်
ခံစားရကာ သူမ မိဘတွေရှိသော နိုင်ငံခြားသို့ ထွက်ခွာသွားလေတော့သည်။
စင်သီယာမသွားခင် သူမ ကိုယ်တိုင် ကျော်ဇေယျကိုပေးခဲ့သော ရေမွှေးပုလင်း အမည်က
မိန်းခလေးများအတွက် အဆိပ်ပြင်းလွန်းသူတစ်ယောက် ဟူသော သဘောဖြင့် Poison ဟု နံမည်ကို ပေးခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဖွဲ့တွင် အသားညိုညိုနှင့် မြန်မာဆန်ဆန် ချောမောသူက ထိပ်ထားဦး…
အ၀တ်အစား
ဝတ်ဆင်ရာတွင်လည်း ထိပ်ထားက မြန်မာဆန်ဆန် ၀တ်ဆင်တတ်သူ၊ ချစ်စရာ လှလှပပ
ကိုယ်လုံးလေးနှင့် မြန်မာဆန်သော အ၀တ်အစားတို့ကြောင့် လိုက်ဖက်စွာ
ရှုချင့်စဖွယ် ရှိသူလေးတစ်ယောက် ဖြစ်သည်။ ထိပ်ထားရဲ့ ချစ်သူဖြစ်လာသူက
ရုပ်ရည် ထူးထူးခြားခြား မချောမောသော်လည်း ယောက်ျားပီသသောသူ
တစ်ယောက်ဖြစ်သည်။ ကြည့်လိုက်လျှင်ပင် မျက်နှာပေါ်တွင် သဘောကောင်းလွန်းသူ
တစ်ယောက်၏ အရိပ်အယောင်များက သိသာစွာ ထင်ဟပ်လျှက် ရှိလေသည်။ ထိပ်ထားကို
ချစ်လိုက်သည်မှာလည်း လူတကာက အားကျရလောက်သည်။ အမြဲတမ်း
အရိပ်တကြည့်ကြည့်နှင့် ထိပ်ထားလိုအပ်သမျှ ဖြည့်ဆည်းပေးရန် အဆင်သင့်
ဖြစ်နေတတ်သော သူတစ်ယောက်ဖြစ်ပြီး ထိပ်ထားကို ချစ်သူလိုတင်မက
အစ်ကိုတစ်ယောက်လို ချစ်နိုင်သူ ဂရုစိုက်နိုင်သူလည်း ဖြစ်သည်။ သူမတို့
သူငယ်ချင်းတွေ အတူတူသွားလာကြသော ကိစ္စများတွင် တားမြစ်ခြင်း၊ ကန့်ကွက်ခြင်း
ပြုသည်မရှိဘဲ သူကိုယ်တိုင်ပင် အားတက်သရော တိုက်တွန်းတတ်သူ။ မိဘများ
မရှိရှာတော့သော ထိပ်ထားအပေါ်တွင် နားလည်မှု၊ စာနာမှုတို့ဖြင့် အလိုလိုက်ကာ
ထိပ်ထားပျော်ရွှင်အောင်၊ စိတ်ချမ်းသာအောင် အမြဲစဉ်းစားပေးတတ်သော
သူတစ်ယောက်ဖြစ်သည်။ ပင်ကိုယ်ကလည်း စိတ်သဘောကောင်းလှသော ထိပ်ထားကလည်း
သူမအပေါ် နားလည်၊ အလိုလိုက်ကာ ချစ်ခင်ကြင်နာလှသော ထိုသူကို မြတ်မြတ်နိုးနိုး
ချစ်သောကြောင့် သူတို့၂ဦး၏ အချစ်သည် ပျော်ရွှင်ကြည်နူးစရာ၊ အားကျ
ငေးမောချင်စရာ ကောင်းလောက်အောင် အတွဲညီလှသော စံပြ ချစ်သူများ ဖြစ်ကြလေသည်။ သူမတို့ သူငယ်ချင်း ထိပ်ထားကို ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းများဖြင့် အမြဲ စိတ်ချမ်းသာစေသော၊ ယုယချစ်ခင် ကြင်နာတတ်သော ထိုသူကိုတော့ ထိုက်တန်စွာဘဲ Pleasures ဟူသော ရေမွှေးနံမည်ကို သူမတို့ သူငယ်ချင်းအားလုံး စိတ်သဘောညီစွာ ပေးဖြစ်ခဲ့ကြပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဖွဲ့ထဲတွင် နောက်ဆုံးတစ်ယောက်ဖြစ်သော သူမနာမည်က ကြည်သာသက်ဝေ
သူမဘ၀တွင်လည်း
ရေမွှေးပုလင်း အမည်ပေးခဲ့ဖူးသူများ ရှိခဲ့သော်လည်း လောလောဆည်တွင်တော့ သူမ
ပေးချင်သည့် အမည်နှင့် ထိုက်တန်အောင် သူမအပေါ် ချစ်နိုင်မည့်သူမျိုးနှင့်
မတွေ့သေးသောကြောင့် မြတ်နိုးတန်ဖိုးထားစရာ ရေမွှေးပုလင်းလေး တစ်လုံးတစ်လေမှ
လက်ဆုပ်လက်ကိုင် မရှိသေးသူ ဖြစ်ပါသည်။ အသည်းကွဲဖူးခဲ့ကြသည့် သူမ၏
သူငယ်ချင်းများဖြစ်ကြသော မိုးပွင့်ဖြူ၊ စင်သီယာပြည့်စုံ တို့သည်ပင်
အိမ်ထောင်အသီးသီးကျကာ သူမတို့မှာ အမည်ပေးစရာ ရေမွှေးပုလင်းလေးများ ကိုယ်စီ
ပိုင်ဆိုင်နေကြပြီ ဖြစ်သည်။ သူမကတော့ သူမလိုချင်သည့် မွှေးပျံ့လှသော
ချစ်ခြင်းရနံ့များ၊ လှပသော ကြင်နာခြင်း၊ မြင့်မြတ်သော သစ္စာရှိခြင်း
စသည်တို့ဖြင့် ဘ၀တစ်လျှောက်လုံး သူမအပေါ် သစ္စာရှိရှိ
ချစ်ခင်ကြင်နာနိုင်မည့်သူ၊ သူမ ကိုယ်တိုင်ကလည်း တစ်ဘ၀လုံးစာ မြတ်နိုး
တန်ဖိုးထားနိုင်မည့်သူကို ပေးအပ်ချင်သည့် ရေမွှေးအမည်လေးတစ်ခုကို ကြိုတင်
စဉ်းစားထားခဲ့ဖူးပါသည်။ သူမတို့၂ယောက်၏ အချစ်တွေကို နားလည်မှုကိုယ်စီဖြင့်
အမြဲတမ်း ထာဝရ တည်မြဲစေမည် ဟူသော သဘောဖြင့် ပေးအပ်ချင်သည့် ရေမွှေးအမည်လေးက Eternity ဆိုသည့် ချစ်စရာ
အမည်သာ ဖြစ်လေသည်။ တစ်စုံတစ်ယောက်သောသူကို ထိုနံမည်လေးပေးကာ သူမ၏
အချစ်တွေကို တစ်ဘ၀လုံးစာ ပေးအပ်ဖို့ ကြိုတင် စိတ်ကူးထားခဲ့သော်လည်း
ခုချိန်ထိတော့ ထိုအမည်လေးနှင့် သင့်တော်သူ ဟူ၍ တွေ့မလာသေးပါ။ သူမ
တွေ့ခဲ့ဖူးသော သူတွေသည်လည်း ထိုအမည်ပေးအပ်ဖို့ ထိုက်တန်သူ၊ ထိုအမည်
ပေးအပ်ရလောက်အောင် သူမအပေါ် ချစ်ခင်နိုင်သူ၊ သစ္စာရှိသူ ဟူ၍လည်း
မရှိခဲ့ဖူးသေးပါ။ သူမ လောဘကြီးနေတာ၊ သို့မဟုတ် ချေးများနေတာလည်း ဖြစ်ကောင်း
ဖြစ်နိုင်ပါသည်။ သို့သော် တစ်ချိန်ချိန်တွင်တော့ ထို Eternity နံမည်လေးကို တစ်စုံတစ်ယောက်သောသူကို ထိုက်ထိုက်တန်တန် ပေးအပ်ခွင့် ရလာလိမ့်မည်ဟုတော့ ယုံကြည်မျှော်လင့်လျှက် ရှိနေပါသည်လေ။
*****ပြီး******
=====================================================================================
ဒီပိုစ့်လေးကို
ဘာရယ်မဟုတ် ပေါ့ပေါ့ပါးပါး ဖတ်ဖို့ ဇာတ်ကောင်စရိုက်များကို ဖန်တီးပြီး
ရေမွှေးနံမည်များနဲ့ တွဲဖက်ကာ ရေးဖွဲ့တာ ဖြစ်ပါတယ်.. ဇာတ်ကောင်နံမည်နဲ့
စရိုက်များမှာ စိတ်ကူးဖန်တီးထားခြင်းသာ ဖြစ်သောကြောင့် တိုက်ဆိုင်မှုများ
ရှိခဲ့ပါက ခွင့်လွှတ်နားလည်ပေးဖို့ ကြိုတင်တောင်းပန်ပါရစေ… စာလာဖတ်ကြသူ
ချစ်စွာသော မိတ်ဆွေများကရော အမျိုးသားများဆိုလျှင်ဖြင့် ဘယ်လိုရေမွှေးပုလင်း
နံမည်မျိုးလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပါသလဲ.. အမျိုးသမီးများဆိုရင်ရော
ဘယ်လို ရေမွှေးပုလင်းမျိုးကို ပိုင်ဆိုင်ခွင့် ရထားပါပြီလဲ… ရေမွှေးပုလင်း
အမည်ပေးဖို့ မရှိသေးသူများ၊ ရေမွှေးပုလင်း မပိုင်ဆိုင်သေးသူများကလည်း ဘယ်လို
ရေမွှေးနံမည်များ ပေးဖို့ စိတ်ကူးထားပြီး ဘယ်လို ရေမွှေးပုလင်းမျိုးကို
ပိုင်ဆိုင်ချင်ပါသလဲရှင်… 
သင်းထုံမွှေးပျံ့ကာ လှပသော ရေမွှေးပုလင်းလေးများကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်……
ချော(အစိမ်းရောင်လွင်ပြင်)
No comments:
Post a Comment