ငြိမ်းချမ်းမြင့် ၀တီးသားလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....

Friday, January 17, 2014

အမြင်...

အမြင်...

 
အမြင်...
မုန့်ဟင်းခါးသည် နဲ့ အကြော်သည်
ကျနော်သွားခဲ့တဲ့ မြို့လေးတစ်မြိုက အဖြစ်အပျက်လေးတစ်ခုပါ။ မြို့နယ်ဈေးလေးမှာ ဈေးဆိုင်လေးနှစ်ဆိုင် ကပ်လျက်ရှိပါတယ်။ တစ်ဆိုင်က မုန့်ဟင်းခါးဆိုင် တစ်ဆိုင်က အကြော်ဆိုင်ပါ။
မုန့်ဟင်းခါးကလည်း မြို့မှာအကောင်းဆုံးဖြစ်သလို အကြော်ကလည်း အမျိုးအစား စုံလင်လှပါတယ်။ ဒါပေမယ့် ဖြစ်နေတာက မုန့်ဟင်းခါးဆိုင်က လက်မလည်အောင် ရောင်းရသလောက် အကြော်ဆိုင်က အရင်းကျေအောင် မနည်းရောင်းနေရတာပါ။ နောက်တစ်ခုကတော့ အဲ့ဒီ့ မုန့်ဟင်းခါးဆိုင်ရှင်နဲ့ အကြော်ဆိုင်ရှင်တို့ဟာ ကြည့်လို့မရအောင် မုန်းနေကြတာပါဘဲ။ ဘယ်က ဘယ်လို စပြီးမုန်းကြလဲတော့ မသိတော့ပါဘူး။ ဒါပေမယ့် သိတာက မုန့်ဟင်းခါးဆိုင်ရဲ့ခုန်မှာထိုင်ရင် အကြော်မှာလို့မရသလို အကြော်ဆိုင်မှာထိုင်ရင် မုန့်ဟင်းခါး မှာစားလို့ မရပါဘူး။ လာမချပေးပါဘူး။ ဒီလိုနဲ့ မကျေနပ်ကြတဲ့အဆုံးမှာ အကြော်ဆိုင်ရှင်က မုန့်ဟင်းခါးဆိုင်ကို ညအချိန် မီးရှို့ရင်း တစ်ဈေးလုံး မီးထဲပါသွားပါတယ်။
ရေခဲမုန့်သည် နဲ့ ဝေဖာသည်
တခါတုန်းက အမေရိကန်နိုင်ငံက ကျောင်းတစ်ကျောင်းမှာ ရေခဲမုန့်ရောင်းတဲ့ဆိုင်လေးနဲ့ ဝေဖာရောင်းတဲ့ဆိုင်လေးနှစ်ဆိုင် ကပ်လျှက်ရှိပါတယ်။ နွေရာသီမို့ ရေခဲမုန့်ဆိုင်လေးက လက်မလည်အောင်ရောင်းရပေမယ့် ဝေဖာဆိုင်လေးကတော့ အရင်းကျေအောင် မနည်းရောင်းနေရပါတယ်။ တနေ့တော့ ဝေဖာသည်က ရေခဲမုန့်သည်ကို လာပြောပါတယ်။ သူငယ်ချင်းရယ်.. မင်းရောင်းတဲ့ရေခဲမုန့်တွေနဲ့အတူ..ငါ့ရဲ့ ဝေဖာလေးပါ ရောပြီးရောင်းပေးပါတဲ့။ ဝေဖာကို လိုချင်တဲ့ပုံစံဖြစ်အောင်၊ လှပအောင်၊ စားချင်စဖွယ် ပိုဖြစ်အောင် သူလုပ်ပေးပါမယ်.. လို့ပြောပါတယ်။ ရေခဲမုန့်သည်ကလည်း လျောလျောရှူရှူဘဲ လက်ခံခဲ့ပါတယ်။ အဲ့ဒီ့အချိန်က စလို့ ကျနော်တို့ ယခုစားနေကြတဲ့ ကတော့ပုံဝေဖာထဲမှာ ရေခဲမုန့်အေးအေးလေးတွေ ပေါ်လာတော့တာပါဘဲ...
ကျနော်ဖတ်ဖူးတဲ့ ပုံပြင်လေးနဲ့ တွေ့ဖူးတဲ့အတွေ့အကြုံလေးကို နှိုင်းယှဉ်ကြည့်တာပါ.. ကျနော်တို့ ဘာတွေ မှားနေသလဲ.. ဘာတွေ ပြင်ဖို့ လိုအပ်နေသလဲဆိုတာလေးတွေ စဉ်းစားရင်း... ပုံပြင်လေးကို "အမြင်" လို့ ခေါင်းစဉ်ပေးလိုက်ပါတယ်...

No comments: